အုပ်ထိန်းသူမပါဘဲခရီးသွားခြင်းကနေပြီး ဘာတွေကို သင်ယူတတ်မြောက်လာစေလဲ

ခရီးဘာကြောင့် သွားတာလဲ။ လူတွေဟာ မတူညီတဲ့ အကြောင်းအရင်းတွေ များစွာနဲ့ ခရီးသွားကြပါတယ်။ စိတ်အပန်းပြေချင်လု့ိ၊ နေရာဒေသအသစ်တွေကို လေ့လာချင်လို့၊ ကျန်းမာရေးကြောင့်၊ စိတ်ဖိစီးမှုတွေကို လျော့ချဖို့၊ ပျော်ရွှင်ချင်လို့ စသဖြင့်ပေါ့။ ဒီလိုမျိုး မတူညီတဲ့ အကြောင်းအရင်းတွေများစွာ ထဲမှာ တူညီမှုတွေရှိနေပါတယ်။ ခရီးသွားခြင်းကြောင့် ဒီလိုမျိုး ကောင်းကျိုးတွေ ရှိနေပါတယ်နော်။

ကမ္ဘာကြီးအကြောင်း သင်ယူနိုင်တယ်

တစ်ခါမှ ခရီးမထွက်တဲ့သူနဲ့ မကြာခဏခရီးထွက်တဲ့သူရဲ့ အမြင်တွေဟာ မတူညီနိုင်ပါဘူး။ “ကမ္ဘာကြီးက စာအုပ်တစ်အုပ်ပါ။ ဒါပေမယ့် ခရီးမထွက်ဖြစ်ရင်တော့ စာမျက်နှာတစ်မျက်နှာကိုသာ ဖတ်နေရသလိုပါပဲ” တဲ့။ ဟုတ်ပါတယ် ခရီးမထွက်တဲ့အခါ ကမ္ဘာကြီးမှာ ရှိနေတဲ့ ကိုယ်မရောက်ဖူးတဲ့နေရာတွေ၊ လှပတဲ့သဘာဝရှုခင်းတွေကို ကြားရုံပဲ ကြားဖူးပြီး လက်တွေ့မခံစားရနိုင်ပါဘူး။ ဒါကြောင့် ကမ္ဘာကြီးရဲ့ လှပမှုတွေကို ခံစားနိုင်ဖို့ ခရီးထွက်ပါ။

ကိုယ့်မွေးရပ်မြေအကြောင်း ပိုလေ့လာနိုင်တယ်

ကိုယ်နေထိုင်နေတဲ့ မြန်မာနိုင်ငံအကြောင်း ဘယ်လောက်သိပြီးပြီလဲ။ မြန်မာနိုင်ငံထဲမှာတောင် ကိုယ်တွေမသိနိုင်သေးတဲ့ နေရာသစ်တွေ အများကြီးရှိလို့နေပါသေးတယ်နော်။ အဲဒီနေရာဒေသသစ်တွေကို ခရီးသွားခြင်းကနေ လေ့လာနိုင်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မတူညီတဲ့ တိုင်းရင်းသားတွေ ဓလေ့စရိုက်တွေ၊ နေထိုင်မှုပုံစံတွေကို ပိုပြီး သိရှိနားလည်လာမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သင်ယူနိုင်တယ်

ခရီးသွားခြင်းက ကိုယ့်ကိုယ်ကို သင်ယူတတ်ဖို့ အကောင်းဆုံးအရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်သဘောထား ဘယ်လိုရှိတယ်၊ မတူညီတဲ့ လူတွေအပေါ် ကိုယ့်ရဲ့ထင်မြင်ယူဆချက်၊ နေရာဒေသတွေအပေါ် ကိုယ့်ရဲ့အမြင် စသဖြင့် ခရီးထွက်ခြင်းက ကိုယ်မသိသေးတဲ့ ကိုယ့်ရဲ့ စိတ်ခံစားမှုအကြောင်းတွေကို သင်ယူဖို့ အကောင်းဆုံးဖြစ်ပါတယ်။

ကိုယ့်အားကိုယ်ကိုးတတ်ပြီး ယုံကြည်မှု မြင့်မားလာတယ်

ခရီးသွားခြင်းက သင့်ကို ယုံကြည်မှုပိုရှိပြီး ကိုယ့်အားကိုယ်ကိုးတတ်သူ တစ်ယောက်ဖြစ်လာစေမှာပါ။ ခရီးမှာ တွေ့ကြုံရမယ့် အခက်အခဲတွေ၊ ပြသနာတွေဆီကနေ အတွေ့အကြုံကောင်းတွေ ရရှိလာပြီး ဘယ်လိုမျိုး အဆင်ပြေချောမွေ့တဲ့ခရီးဖြစ်အောင် ပြုလုပ်ရမယ်ဆိုတာ စီစဉ်တတ်လာပြီး အရာရာကို အဆင်ပြေအောင် ဖြေရှင်းတတ်လာပါတယ်။ ဒါတွေက သင့်ကို ယုံကြည်မှု ပိုတိုးလာစေပါတယ်။

CRD-Aunty May